ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ စစ်ခေါင်းဆောင်ကို အပြစ်တင်တယ်ဆိုတဲ့ အသံဖိုင်အတု
ရန်ကုန်တိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ကြံ့ခိုင်ရေးပါတီလူကြီးများနဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒေါသတကြီး အပြစ်ဆိုတယ်ဆိုတဲ့ အသံဖိုင်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လိမ်လည်ဖြန့်ဝေထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Amazing Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ် ခန့်သာရှိတဲ့ ရုပ်သံဖိုင်တစ်ခုနဲ့အတူ ‘ကြံ့ဖွတ် ဥက္ကဌ ခင်ရီ မင်းအောင်လှိုင်ကို ပေါက်ကွဲပြီ။ ဉီးခင်ရီရဲ့ ရန်ကုန်တိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ကြံ့ခိုင်ရေးပါတီလူကြီးများနဲ့ တွေ့ဆုံပွဲမှာ ဉီးခင်ရီက ဒေါသတကြီးနဲ့ မင်းအောင်လှိုင်ကို အပြစ်ဆိုခဲ့ပါတယ်’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့အတူ ဦးခင်ရီလို့ ယူဆရသူတစ်ဦးရဲ့ အသံဖိုင်အတိုတစ်ခု ပါဝင်ပေမယ့် ဒီထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေါက်ကွဲပြောဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ နောက်ခံစကားပြောသူကသာ ဦးခင်ရီနဲ့ စစ်ခေါင်းဆောင် အကွဲအပြဲ ဖြစ်နေတယ်၊ အပြစ်ပြောတယ်လို့ ပြောနေတာဖြစ်ပါတယ်။
ဒီအသံရှင်ဟာလည်း ကြံ့ဖွံဥက္ကဌ ဦးခင်ရီရဲ့ အသံဆိုတဲ့ သက်သေအထောက်အထားလည်း မပါဝင်သလို ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။