မင်္ဂလာဒုံလေတပ်ဗိုလ်ကြီး လုပ်ကြံခံရလို့ တိုင်းမှူးတွေ ထွက်ပြေးကုန်တယ်ဆိုတဲ့ သတင်းအမှား
ပဇီကြီးကျေးရွာအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မင်္ဂလာဒုံလေတပ်က ဗိုလ်ကြီးတစ်ဦးကို လုပ်ကြံလိုက်တဲ့အတွက် စစ်ကောင်စီတိုင်းမှူးတွေ ထွက်ပြေးကုန်ပြီလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပဇီကြီးကျေးရွာအတွက် ရန်ကုန်သားတွေ လက်တုန့်ပြန်လိုက်ပြီ။ အရေးပေါ် ထုတ်ပြန်ချက်။ မင်္ဂလာဒုံလေတပ်ဗိုလ်ကြီး လုပ်ကြံခံလိုက်ရလို့ တိုင်းမှူးတွေ ထွက်ပြေးကုန်ကြပြီ’ လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ မင်္ဂလာဒုံ လေတပ် စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) မှ ဒုတိယ ဗိုလ်မှုးကြီး ကျော်စွာထွန်းနဲ့ လူတစ်ဦး ပစ်သတ်ခံရကြောင်း အစချီကာ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သံလျင်ပစ်ခတ်မှုအကြောင်း နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီ တိုင်းမှူးတွေ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မရှိပါဘူး။ ဒါ့အပြင် နောက်ခံစကားပြောနဲ့ ပြောဆိုနေတဲ့ သန်လျင်ပစ်ခတ်မှု ဖြစ်စဉ်မှာ ဒုတိယ ဗိုလ်မှုးကြီး ကျော်စွာထွန်း သေဆုံးတယ်ဆိုတာလည်း မှားယွင်းပါတယ်။
သတင်းအမှန်က သံလျင်ပစ်ခတ်မှုဖြစ်စဉ်မှာ လာရောက်လုပ်ကြံသတ်ဖြတ်သူတွေက မင်္ဂလာဒုံ လေတပ် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးတပ် (လပစ) မှ ဒုတိယ ဗိုလ်မှုးကြီး ကျော်စွာထွန်းကို သတ်ဖြတ်ဘို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်တမ်း အသတ်ခံရသူတွေက ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ညီထွန်း၊ ဦးလေးဖြစ်သူ ဦးခင်မောင်သိန်း နှင့် ယောက်ဖဖြစ်သူ ဦးအောင်မျိုးဆွေတို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သံလျင်ပစ်ခတ်မှုဖြစ်စဉ်အကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။