စစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ စနိုက်ပါထိပြီး သေတယ်ဆိုတဲ့ သတင်းအမှား
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီးဒေါ်ကြူကြူလှ တောင်ငူမြို့ ခရီးစဉ်အတွင်း PDF တွေလုပ်ကြံမှုကြောင့် စနိုက်ဘာထိ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon khit thit ဆိုတဲ့ Youtube ချန်နယ်မှာ ဩဂုတ်လ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကြူကြူလှ စနိုက်ဘာထိပြီးသေဆုံး။ တောင်ငူမြို့ ခရီးစဉ်အတွင်း PDF တွေ လုပ်ကြံမှုကြီး။ မအလ ကံကောင်းနေသေး။ သူ့မိန်းမ အသက်ပေးရပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ စနိုက်ဘာထိပြီး သေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မင်းအောင်လှိုင် ခရီးစဉ် မတိုင်မီ တောင်ငူမြို့ ၊ အရှေ့ ကရင်ချောင်း တံတားစစ်ဆေးရေးဂိတ်နှင့် အမှတ် ၃ ရဲစခန်းကို မိုင်းခွဲ တိုက်ခိုက် မှု ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ပဲခူးတိုင်း၊ တောင်ငူမြို့ အရှေ့ဘက် ကရင်ချောင်းတံတားစစ်ဆေးရေးဂိတ်နဲ့ အမှတ် ၃ ရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းအရာကို ရေးသားထားတာဖြစ်ပြီး ဒီသတင်းထဲမှာ ကြူကြူလှ စနိုက်ဘာထိပြီး သေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။