စစ်ခေါင်းဆောင်သား အောင်ပြည့်စုံ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား
ပြင်ဦးလွင် ပြည်သူပိုင်မြေသိမ်းတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ လဖေ့ရည်ဆိုင်မှာ ပစ်သတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို D K TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေ ထားတာဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ထပ်မံကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ပြင်ဦးလွင် ပြည်သူပိုင်မြေသိမ်းတဲ့ မအလသား အောင်ပြည့်စုံ လက်ဖက်ရည်ဆိုင်မှာ ပစ်သတ်ခံရ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်သား အောင်ပြည့်စုံ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၂၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားနေရာတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ရယူမည်ဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန်ကြိုးစားနေပြီး ယင်းမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ အောင်ပြည့်စုံ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။