ဒု တပ်ချုပ် စိုးဝင်း နေရာအစားထိုးဖို့ စစ်ခေါင်းဆောင် ကြံစည်မှု ပေါက်ကြားတယ်ဆိုတဲ့ သတင်းအမှား
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နေရာမှာ အစားထိုးဖို့ စစ်ခေါင်းဆောင်ကြံစည်မှု ပေါက်ကြားတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ News World ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီ ၂၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ စစ်ခေါင်းဆောင်တွေပါဝင်တဲ့ ကာဗာဓာတ်ပုံပေါ်မှာ 'ဒုချုပ် စိုးဝင်း နေရာအစားထိုးဖို့ မင်းအောင်လှိုင် ကြံစည်နေပြီလား။ ဒုချုပ် စိုးဝင်း နေရာအစားထိုးဖို့ မင်းအောင်လှိုင် ကြံစည်မှုပေါက်ကြားပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒု တပ်ချုပ် စိုးဝင်း နေရာမှာ အစားထိုးဖို့ စစ်ခေါင်းဆောင်ကြံစည်မှု ပေါက်ကြားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီ သတင်းဌာနမှာ ဧပြီလ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'ဒု တပ်ချုပ် စိုးဝင်း ပျောက်ကွယ်နေမှု ပဟေဠိ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းဌာနက ဖော်ပြထားတဲ့ သတင်းထဲမှာ လူမြင်ကွင်းက ကာလအတန်ကြာ ပျောက်နေတဲ့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းအကြောင်း ရေးသားထားတာပါ။ ဧပြီလ အစောပိုင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတယ်လို့ ပြောဆိုနေကြတဲ့ ဒုချုပ်စိုးဝင်းဟာ ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာလည်း ပေါ်မလာဘဲ ပျောက်နေကြောင်း ရေးသားထားတာပါ။
ဧရာဝတီ သတင်းဌာနရဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဒုချုပ်စိုးဝင်းနေရာမှာ အစားထိုးဖို့ စစ်ခေါင်းဆောင်ကြံစည်မှု ပေါက်ကြားတယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေမှာလည်း ဖော်ပြမထားပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။