ရာထူးမှ အနားယူမယ်လို့ စစ်ခေါင်းဆောင်ကြေညာတယ်ဆိုတဲ့ သတင်းအမှား
ရာထူးကနေ ရာသက်ပန် အနားယူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon khit thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒီတခါတော့ ကတိတည်မယ်ထင်တယ်။ ရာထူးမှ ရာသက်ပန်နားဖို့ ဆုံးဖြတ်လိုက်ပြီလို့ မင်းအောင်လှိုင်ကြေညာ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရာထူးမှ အနားယူမယ်လို့ စစ်ခေါင်းဆောင်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာရာထူးမှ အနားယူမယ်လို့ စစ်ခေါင်းဆောင်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။