စစ်ကိုင်းတိုင်း တိုင်းမှူး လက်နက်ချ အဖမ်းခံပြီဆိုတဲ့ သတင်းအမှား
စစ်ကိုင်းတိုင်း တိုင်းမှူး CDM လုပ်ပြီး လက်နက်ချအဖမ်းခံတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Matthew Shelton ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ နာရီနီးပါရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ယခင် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်အဖြစ် ထာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ ပုံကို အသုံးပြုပြီး ‘စစ်ကိုင်းတိုင်းမှူး CDM လုပ်ပြီ။ တပ်ပျက်နေပြီ။ လက်နက်ချအဖမ်းခံပြီ’ လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာပဲ ဖြစ်ပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ 'စစ်ကိုင်းတိုင်း တိုင်းမှူး CDM လုပ်တယ်။ အဖမ်းခံတယ်' ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းပြန်ကြားရေး ချန်နယ်နဲ့ ဝက်ဆိုက်တွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
ဒါ့အပြင် ဗီဒီယိုကာဗာမှာ ဖော်ပြထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းကတည်းက စစ်ကောင်စီရဲ့ အနားပေးခံခဲ့ရသူ ဖြစ်ပါတယ်။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။