မလေးရှားမှာ ကြောင်အပြေးပြိုင်ပွဲ ကျင်းပခဲ့သလား
အပြေးပြိုင်ပွဲဝင် ချစ်စရာ ကြောင်လေးတွေရဲ့ ဓါတ်ပုံတွေနဲ့အတူ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ကြောင်အပြေးပြိုင်ပွဲဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ဦးဘုန်း - ဓာတု ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ဂရုအဖွဲ့ဝင်တစ်ယောက်က မေလ ၁၉ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြောင်တွေ အပြေးပြိုင်နေတဲ့ ဘေးမှာ လူတွေအားပေးနေပုံနဲ့ ကြောင်တွေ ဆုယူနေပုံတွေပါဝင်တဲ့ ဓာတ်ပုံ ၁၀ ပုံကျော်နဲ့အတူ ‘မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြောင် အပြေးပြိုင်ပွဲ။ ကြောင်ပိုင်ရှင် 106 ဦးမှ ကြောင် 106 ကောင် စုပေါင်းပြိုင်ခဲ့ပါတယ်။ (AI)’ လို့ ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတဲ့ ပုံတွေဟာ Asian Skyline ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၁၈ ရက်နေ့က ဖြန့်ဝေထားတဲ့ ပုံတွေဖြစ်ပြီး ဖြန့်ဝေချိန်မှာ ဒီပုံတွေဟာ AI နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတွေဖြစ်တယ်လို့ ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဒီပုံတွေကို မြန်မာဘာသာပြန်ဆိုပြီး ဖြန့်ဝေတဲ့ အခါမှာလည်း ပိုစ့်ရဲ့ အောက်ဆုံးမှာ AI နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတွေလို့ အပြည့်အစုံ ဖော်ပြမထားပေမယ့် AI လို့ ရေးသားထားတာ တွေ့ရပါတယ်။
သို့ရာတွင် ထပ်ဆင့်ဖြန့်ဝေသူတွေနဲ့ ပိုစ့်အောက်မှာ မှတ်ချက်ပေးသူအများစုက ဒါကို ပုံအစစ်တွေလို့သာ ထင်မှတ်ပြီး ဖြန့်ဝေတာတွေ၊ မှတ်ချက်ပေးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Asian Skyline ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။