မန္တလေးထောင်ကို PDF တွေ တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား
မန္တလေးထောင်ကို PDF တွေ တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Myawaddy News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မန္တလေးထောင် သိမ်းပြီဟေ့။ မန္တလေးထောင်ကို PDF များ တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ကျဉ်း ၂၀၀ ကျော် လွှတ်ပေးပြီဟေ့' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မန္တလေးထောင်ကို PDF တွေ တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ RFA သတင်းဌာနမှာ သတင်းဌာနမှာ ဇူလိုင်လ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'မိုးကုတ် အချုပ်ထောင် တပ်စခန်းကို TNLA သိမ်းပိုက်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ မန္တလေးထောင်ကို PDF တွေ တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင် သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။