ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်အပ်ဖို့ သံဃာတော်တွေ စုရုံးဆန္ဒပြမယ်ဆိုတဲ့ သတင်းအမှား
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်အပ်ဖို့ သံဃာတော်တွေ စုရုံးဆန္ဒပြမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Garoco 2 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်အပ်ဖို့ သံဃာတော်တွေ စုရုံးဆန္ဒပြမယ်။ ပေါက်ကိုယ်တော်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပါတယ်။
မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗွီဒီယိုဖိုင်ထဲမှာတော့ စစ်တပ်အားပေးထောက်ခံပြီး NUG အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေ၊ PDF တွေအကြောင်း လုပ်ကြံပြောဆိုကာ သတင်းအမှားတွေ ပြောလေ့ရှိသူ ပေါက်ကိုယ်တော်ဆိုတဲ့ ဘုန်းကြီးတစ်ပါးက ဖေစ့်ဘွတ် live လွှင့်ပြောဆိုထားတဲ့ အကြောင်း အရာတွေ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်ရဲ့ ပြောစကားတွေကတော့ ‘လေလိုင်းပေါ်တွေမှာတော့အမျိုးမျိုးထွက်နေတယ်။ စောစောကလည်း ဖုန်းတစ်လုံးဝင်လာတယ်။ အရှင်ဘုရားတဲ့ အာဏာကို ဒေါ်စုကို ပြန်အပ်ဖို့အတွက် မနက်ဖြန်ရဟန်းသံဃာတော်တွေ လမ်းပေါ်ကိုထွက် ဆန္ဒပြမှာ ဟုတ်လားတဲ့။ အဲဒီလို ဆန္ဒပြရင်တဲ့သတ္တိရှိရင် လုပ်ရဲတဲ့သတ္တိရှိရင် အကြိမ်ကြိမ်သာဓုခေါ်မယ်လို့ပြောလိုက်တယ်။ အဲဒီလုပ်မယ်ဆိုတဲ့လူတွေတွေ့ရရင် ကံကောင်းတာပေါ့လို့။ အင်တာနက်က live လွှင့်တာတွေ ရောဘာတွေရော အစစ အရာရာ လိုက်ဖမ်းနေတယ်ဆိုတော့ တပ်မတော်သားတွေလည်းပင်ပန်းတယ်။ အဲဒီလို သူတို့က တစ်စုတစ်စည်းထဲ လမ်းပေါ်ကထွက်လာတော့ အေးအေးဆေးဆေးကောက်လိုက်ရုံပဲ။ အဲ့ဒီလောက်လည်း သတ္တိရှိတဲ့အနေထားမရှိပါဘူး’ လို့ ပြောဆိုထားတာပါ။
ပေါက်ကိုယ်တော်ရဲ့ ပြောစကားတွေဟာ စစ်ကောင်စီအလိုကျ NUG အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေ၊ PDF တွေကို ပြစ်တင်ပြောဆိုနေတာသာ ဖြစ်ပြီး ဒီစကားတွေကို ပြန်လည်ဖြန့်ဝေသူတွေက ‘ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်အပ်ဖို့ သံဃာတော်တွေ စုရုံးဆန္ဒပြမယ်’ ဆိုပြီး လူစိတ်ဝင်စားမယ့် ခေါင်းစဉ်တပ်ကာ လူမှုကွန်ရက်တွေပေါ် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေ ဖြစ်ပါတယ်။
ယခုသတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Garoco 2 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ စစ်ကောင်စီကိုထောက်ခံအားပေးသူတွေဝေမျှလေ့ရှိတဲ့အကြောင်းအရာအတွေနဲ့ လုပ်ကြံသတင်းတွေဖြန့်ဝေနေတဲ့ ပေချ့်တစ်ခုဖြစ်ပါတယ်။