စစ်ခေါင်းဆောင်ကို IIMM က ဖမ်းမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က လူမျိုးတုန်း သတ်ဖြတ်မှုတွေနှင့် ပက်သတ်ပြီး ဖမ်းမိန့်ထုတ်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ khit thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလကြိုးစင်တက်ရပြီဟေ့။ မအလကို IIMM က ဖမ်းမိန့်ထုတ်ပြီ။ လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်ကို IIMM က ဖမ်းမိန့်ထုတ်လိုက်ပြီဟေ့' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ကို IIMM က ဖမ်းမိန့်ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၃ ရက်နေ့က ဖြန့်ဝေထားတဲ့ ‘ရခိုင်ပြည်မှ ရိုဟင်ဂျာများကို ရှင်းလင်းစစ်ဆင်ရေးများ ဖြစ်ပွားခဲ့သည်မှာ ၇ နှစ်ရှိနေပြီဖြစ်ပြီး ကျူးလွန်သူများကို အပြစ်အရေးယူရန် IIMM က ကြိုးပမ်းနေ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို စစ်တပ်က ရှင်းလင်းစစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တာ ၇ နှစ် ကြာပြီဖြစ်ပြီး ကျူးလွန်သူ မြန်မာစစ်ခေါင်းဆောင်တွေကို အပြစ်ပေး အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) က ကြိူးပမ်းနေကြောင်း၊ အဆိုပါ ရာဇဝတ်မှုတွေအတွက် မည်သူတစ်ဦးတစ်ယောက်မျှ ပြစ်ဒဏ်ပေး ခံရခြင်း မရှိသေးကြောင်း၊ ရာဇ၀တ်မှုကျူးလွန်ခြင်းများကို အပြစ်ပေးနိုင်ခြင်းမရှိပါက အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်ရန် အားပေးရာ ရောက်ကြောင်း၊ သို့ဖြစ်၍ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေသည့်သံသရာမှာ ကျိုးပျက်ရန် လိုအပ်ကြောင်း IIMM က ထောက်ပြထားတဲ့ ဆိုတဲ့ အကြောင်းတွေကို ရေးသားထားတာပါ။
လက်ရှိမှာ IIMM အနေနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ပြီး ဖမ်းမိန့်ထုတ်လိုက်တယ်ဆိုတာ သတင်းမှားပဲ ဖြစ်ပါတယ်။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။