ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်မှုအတွင်း ဒုတပ်ချုပ်စိုးဝင်း သေဆုံးတယ်ဆိုတဲ့ သတင်းအတု
တောင်ငူ လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုအတွင်း ဒုတပ်ချုပ်စိုးဝင်း သေဆုံးသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းတု သတင်းမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''တောင်ငူ လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက် စိုးဝင်းသေပြီ။ မသာပွဲ ကျင်းပပြီဗျို့။ အရာရှိတွေ အလုပ်ရှုပ်ကုန်ပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်မှုအတွင်း ဒုတပ်ချုပ်စိုးဝင်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ၊ ရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီး ပျက်စီးဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်ဘက်မှ စစ်သည် ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း၊ ရှော့တိုက်ဒုံးသည် လေယာဉ် သိုလှောင်ရုံသို့ ကျရောက်ပေါက်ကွဲပြီး ရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီးပျက်စီးတယ် ဆိုတဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြထားတာပါ။
သတင်းထဲမှာ တိုက်ခိုက်မှုအတွင်း ဒုတပ်ချုပ်စိုးဝင်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။