ဒုတပ်ချုပ်စိုးဝင်း နှုတ်ထွက်စာတင်တယ်ဆိုတဲ့ သတင်းအမှား
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှုတ်ထွက်စာတင်တဲ့ သတင်းပေါက်ကြားလာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Naypudaw Khit Thit Radio ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော်မှာ ပွဲဆူကုန်ပြီ။ ကယ်သူမဲ့ သေပြီ။ စိုးဝင်း နှုတ်ထွက်စာတင်တဲ့ သတင်းကြီး ပေါက်ကြားလာ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုတပ်ချုပ်စိုးဝင်း နှုတ်ထွက်စာတင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ဆက်စပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ live လွှင့်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြန်လည်ကူးယူဖော်ပြထားတာပါ။ဒီ live လွှင့် ပြောဆိုထားမှုတွေဟာ သက်သေအထောက်အထား တစ်စုံတစ်ရာမရှိတဲ့ တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေသာ ဖြစ်ပါတယ်။
ဒုတပ်ချုပ်စိုးဝင်း နှုတ်ထွက်စာတင်တယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိပါဘူး။မဘသ အဖွဲ့တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုမှု ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်စိုးဝင်းကို ကာချုပ်ခန့်မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြသလို သတင်းအမှားတွေလည်း ဆက်တိုက်ထွက်ပေါ် နေတာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။