စစ်ခေါင်းဆောင် တပ်ချုပ်ရာထူးက ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းအမှား
အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ရာထူးက ဖြုတ်ချခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ မင်းအောင်လှိုင် တပ်ချုပ်ရာထူးကဖြုတ်ချခံရ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ မင်းအောင်လှိုင် တပ်ချုပ်ရာထူးက ဖြုတ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဗီဒီယိုထဲမှာ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးသတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောထားတာသာ ဖြစ်ပါတယ်။
လက်ရှိမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA)တို့က စစ်ဆင်ရေးအမှတ် ၁၀၂၇ ကို အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းတွေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။