ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ် နှုတ်ပိတ်ခံရတယ်ဆိုတဲ့ သတင်းအမှား
ရာထူးမှ အနားပေးခံထားရတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နှုတ်ပိတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Viral Cyst ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘မအလကို အမျက်တော်ရှနေတဲ့စိုးထွဋ်ကို နှုတ်ပိတ်လိုက်ပြီ။ ခရီး ခိုးထွက်လာတဲ့ ဦးစီးအရာရှိ(၂)ဦးအနီးကပ်ဆော်ခံရ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နှုတ်ပိတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဗီဒီယိုထဲမှာ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောထားတာသာ ဖြစ်ပါတယ်။
လက်ရှိမှာ ရာထူးမှ အနားပေးခံထားရတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှု တွေနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် ပြန်လည်စစ်ဆေးခံနေရတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်လာပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကမှ ဒုတိယဝန်ကြီးချုပ် တာဝန်ပါ ပေးခြင်းခံခဲ့ရတဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဩဂုတ်လအတွင်း အနားပေးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၁ သို့ ပြောင်းလဲ ခန့်အပ်ခံခဲ့ရပါတယ်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ အရပ်ဘက်ရာထူးတွေကနေ အနားပေးပြီး စစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင် စေခဲ့ပေမယ့် ယခုလအတွင်းမှာ အဂတိလိုက်စားမှုနဲ့ ပြန်လည်စစ်ဆေးနေတာဖြစ်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။