ဖေစ့်ဘွတ်က ဘာသာရေးပိုစ့်တွေ ပိတ်ပင်နေသဖွယ် ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား
မြန်မာနိုင်ငံမှာ သုံးစွဲမှုအများဆုံး ဆိုရှယ်မီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ ဖေစ့်ဘွတ်ဟာ ဘာသာရေးပိုစ့်တွေ ပိတ်ပင်နေသဖွယ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ထိုင်းဘာသာနဲ့ ရေးထားတဲ့ ทันข่าว TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ဗွီဒီယိုကို ကူးယူပြီး ‘ဘာသာရေး ပိတ်ခံရတဲ့ ဖေ့ဘုတ်’ လို့ ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ပိုစ့်မှာ ဖေစ့်ဘွတ်ဟာ ဘာသာရေးပိုစ့်တွေ ပိတ်ပင်နေသဖွယ် ရေးသားထားပေမယ့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ထဲမှာ ဖေစ့်ဘွတ်က ဘာသာရေးပိုစ့်တွေ ပိတ်တယ်လို့ ပြောထားတာ မရှိပါဘူး။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဖေစ့်ဘွတ် live ထဲမှာ သူ့ရဲ့အကောင့် အပိတ်ခံရကြောင်း၊ သူတင်လိုက်တဲ့ ဘဲကျုံးဖို့ ဒရုန်းဆိုတဲ့ ပိုစ့်ကို report တင်ခံရတဲ့အတွက် အပိတ်ခံရတာ ဖြစ်နိုင်ကြောင်း၊ အချို့သူတွေ မေးနေတဲ့ တော်လှန်ရေး ကမ်ပိန်းတွေ မလုပ်တော့ဘူးလား ဆိုတာတွေအတွက် ပြောရတာဖြစ်ကြောင်း၊ နောက်ပိုင်း Youtube ချန်နယ်ကသာ စကားပြောတော့မှာ ဖြစ်ကြောင်း တွေ ပြောထားတာပါ။
ဖေစ့်ဘွတ်က ခွင့်ပြုမထားတဲ့ အောက်ပါ အကြောင်းအရာ ၅ ခု ထဲမှာ ဘာသာရေးနဲ့ ပက်သတ်ပြီး ကန့်သတ်ထားတာ မပါရှိပါဘူး။
ဖေစ့်ဘွတ်က ဖော်ပြဖို့ ကန့်သတ်ထားတဲ့ အကြောင်းအရာတွေက အဝတ်ဗလာ သို့မဟုတ် အခြားလိင်ပိုင်းဆိုင်ရာ ညွှန်ပြသော အကြောင်းအရာတွေ၊ အမုန်းစကားတွေ အပါအဝင် အခြားသူတွေကို ခြိမ်းခြောက်တိုက်ခိုက်တာတွေ၊ မိမိကိုယ်ကို အန္တရာယ် ပြုတာတွေ သို့မဟုတ် အလွန်အကျွံ အကြမ်းဖက်တာတွေ ပါတဲ့ အကြောင်းအရာတွေ၊ အတု အယောင်ဆောင် ပရိုဖိုင်တွေနဲ့ Spam တွေပဲ ဖြစ်ပါတယ်။
ဖေစ့်ဘွတ်ရဲ့ Facebook Community Standards နဲ့ ပက်သတ်ပြီး ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။