မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံ ဝင်ခွင့်ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို ဝင်ခွင့်ပိတ်သိမ်းတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တစ်နိုင်ငံလုံး လန့်ကုန်တဲ့ ထိုင်းအစိုးရနဲ့ မင်းအောင်လှိုင်တို့ ပူးပေါင်းကြေငြာချက်ကြီး။ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံ ဝင်ခွင့်ပိတ်သိမ်း' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို ဝင်ခွင့်ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ထိုင်းအစိုးရက ရက်ပေါင်း ၆၀ ဗီဇာ မလိုဘဲ နေထိုင်နိုင်တဲ့ ပြည်ပနိုင်ငံများ စာရင်း ထပ်မံ ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံ မပါဝင်သေးတဲ့အကြောင်းအရာကို ပြန်လည်ပြောဆိုနေတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ မြန်မာနိုင်ငံသားတွေ ထိုင်းကို ဝင်ခွင့်ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ထိုင်းအစိုးရကလည်း ဒီလိုကြေညာချက်မျိုး ထုတ်ပြန်ထားတာ မရှိပါဘူး။
Youtube ဗီဒီယိုရဲ့ ကာဗာပုံ thumbnail လုပ်ရာမှာ လူအများစိတ်ဝင်စား ဝင်ရောက်ကြည့်ရှု့ဖို့ တမင်လှည့်ဖြားပြီး သတင်းအမှားတွေနဲ့ ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။