အီလွန်မတ်စ်က အဆိုတော် တေလာဆွစ်ရဲ့ လူမှုမီဒီယာအကောင့်ကို ပိတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား
ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က ပေါ့ပ်အဆိုတော် တေလာဆွစ်ရဲ့ လူမှုမီဒီယာ အကောင့်ကို သူမနဲ့ မထိုက်တန်တဲ့အတွက် ပိတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာ ဒီလအစောပိုင်းက စပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ 'SHOCKING NEWS: Elon Musk banned Taylor Swift's account on social networks, causing her to lose more than a million followers and 72 million USD, saying: "She doesn't deserve this,’ လို့ ရေးသားဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အီလွန်မတ်စ်က အဆိုတော် တေလာဆွစ်ရဲ့ လူမှုမီဒီယာအကောင့်ကို ပိတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ခိုင်မာတဲ့ သတင်းရင်းမြစ်မပါပဲ တမင်တကာ လုပ်ကြံရေးသား ထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
အီလွန်မတ်စ်က ဒီလိုပိတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြ ထားတာ မရှိပါဘူး။
တေလာဆွစ်ရဲ့ ၉၄.၆ မီလျံကျော် ဖော်လိုဝါတွေ ရှိတဲ့ X ဆိုရှယ်မီဒီယာအကောင့်ဟာ လက်ရှိအချိန်ထိ ရှိနေတုန်း ဖြစ်ပါတယ်။
တေလာဆွစ်ရဲ့ အကောင့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။