ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ သတင်းအမှား
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီ ၈ ရက်နေ့ နဲ့ ၁၂ ရက်နေ့တွေမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး တခြားသတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အတိုင်ပင်ခံကို တရုတ်နဲ့ ပေးတွေ့နေပြီ။ ဒေါ်အောင်ဆန်းစုကြည်စကား တရုတ်အံဩ။ တရုပ်တော် ထိတ်လန့်နေပြီ' လို့ ရေးသားထားတာဖြစ်ပါတယ်။
နောက်ထပ် အလားတူပိုစ့်ကို ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကြာချိန် ၁၁ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'သုံးပွင့်ဆိုင် ထိပ်တိုက်တွေ့။ ဒေါ်စုကို တရုတ် တွေ့ဆုံဆွေးနွေးနေ။ ပြည်သူသတ်မှတ်ထားတဲ့ အစိုးရသာ အုပ်ချုပ်မည်ဟု အပြတ်ပြောလိုက်လို့ စစ်ခေါင်းဆောင် ချက်ခြင်းထွက်ခွာသွား' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။
ဒီအကြောင်းအရာတွေကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားတဲ့ ဆောင်းပါးတွေကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်တွေပဲ ဖြစ်ပါတယ်။
ဒီဖေစ့်ဘွတ်အကောင့်မှာ ဇန်နဝါရီ ၈ ရက်နေ့က ဖြန့်ဝေထားတဲ့ '၂၀၂၅ - မင်းအောင်လှိုင် ဘာလဲ၊ ဘယ်လဲ ရွေးရတော့မည်' ဆိုတဲ့ ဆောင်းပါးနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'NUG သည် တရုတ် နှင့် ထိတွေ့ဆက်ဆံဖို့ မဟာဗျူဟာ လိုအပ်' ဆိုတဲ့ ဆောင်းပါးတွေကို ပြန်လည်ကူးယူ ဖြန့်ဝေထားတာပါ။
မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
မူရင်းဖြန့်ဝေမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။