နေပြည်တော်ကို တိုက်ခိုက်ဖို့ တရုတ်စစ်ကူတွေ လားရှိုးကို ရောက်နေတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို တိုက်ခိုက်ဖို့ တရုတ်စစ်ကူ ငါးထောင် လားရှိုးသို့ ရောက်ရှိနေတယ်ဆိုပြီးဖြန့်ဝေရေးသားမှုတွေပေါ်ထွက်ခဲ့ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ကောင်စီကို တရုတ်စစ်ကြေငြာ။ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို တိုက်ခိုက်ဖို့ တရုတ်စစ်ကူ (၅၀၀၀) လားရှိုးသို့ ရောက်ရှိနေ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်ကို တိုက်ခိုက်ဖို့ တရုတ်စစ်ကူတွေ လားရှိုးကို ရောက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးတဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ လက်ရှိဖေစ့်ဘွတ်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ‘စစ်ကောင်စီ ထိန်းချုပ်မှု ဆုံးရှုံးလာတာနဲ့ အမျှ တရုတ်ဩဇာလွှမ်းမိုးမှု ကြီးထွားလာဟု အကဲခတ်တွေပြော’ ဆိုတဲ့ ပိုစ့်တစ်ခုကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ နေပြည်တော်ကို တိုက်ခိုက်ဖို့ တရုတ်စစ်ကူတွေ လားရှိုးကို ရောက်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
လက်ရှိမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘောထား ကွဲလွဲမှုတွေကို ဥပဒေဘောင်အတွင်းက နိုင်ငံရေးအရ ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးမဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။