တရုတ်သမ္မတ နေပြည်တော် ရောက်ရှိတယ်ဆိုတဲ့ သတင်းအမှား
ရှီကျင့်ဖျင် နေပြည်တော်လေဆိပ်ကို ရောက်လာပြီး စစ်မှုထမ်းဥပဒေ ရုတ်သိမ်းဖို့ ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ကိုမှ ကြောက်တဲ့ မင်းအောင်လှိုင်။ ဒီနေ့မနက် ၅ နာရီခွဲက နေပြည်တော်လေဆိပ်သို့ တရုတ်သမ္မတရောက်ရှိ။ စစ်မှုဥပဒေကို ချက်ခြင်းရုတ်သိမ်းရန် ညွှန်ကြား' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်သမ္မတ နေပြည်တော် ရောက်ရှိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Mizzima သတင်းဌာနမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'တည်ငြိမ်အေးချမ်းရေးကူညီပေး၍ တရုတ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်ပြော၊ တရုတ်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခင်းအကျင်း ဖော်ဆောင်မည်ဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပေါ် ထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးကို အလေးထား ကူညီပေးနေတဲ့အတွက် တရုတ်အစိုးရနှင့် တရုတ်နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နှစ်သစ် ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ တရုတ်သမ္မတ နေပြည်တော် ရောက်ရှိတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။