စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ တရုတ်ပြည်သူတွေ ဆန္ဒပြဆိုတဲ့ သတင်းအမှား
ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းကိစ္စနဲ့ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ တရုတ်ပြည်သူတွေ ဆန္ဒပြတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတချို့ထွက်ပေါ်လာပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Emily Woodacre Sarah ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ကျားဖျင့် အွန်လိုင်းလူလိမ်ဂိုဏ်းခေါင်းဆောင် မအလကို တရုတ်ပြည်သူတွေ ဖမ်းဆီးပေးဖို့ဆန္ဒပြ။ မင်းအောင်လှိုင် ဖမ်းခံရဖို့ရှိနေ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ တရုတ်ပြည်သူတွေ ဆန္ဒပြဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့အထဲမှာ စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ တရုတ်ပြည်သူတွေ ဆန္ဒပြဆိုတဲ့ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဒီလို ဖေစ့်ဘွတ်အတုတွေမှာ ဖြန့်ဝေနေတဲ့ သတင်းတုအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သတင်းတွေကို ကိုးကားပြီး အမှားအမှန် ရောထွေး နေတဲ့ အကြောင်းအရာတွေဖြန့်ဝေနေတာတွေရှိနေပါတယ်။ ဒီလိုဖြန့်ဝေရာမှာ ဗီဒီယိုကာဗာပေါ်မှာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဗီဒီယိုအတွင်းက အကြောင်းအရာ လွဲနေတာတွေအပြင် ခေါင်းစဉ်မတူတဲ့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတဲ့ အကြောင်းအရာတွေ အများဆုံးဖြစ်ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မဲခေါင်-လန်ချန်း ညီလာခံမှာ ပြောထားပါတယ်။
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းတာနဲ့ ပက်သတ်ပြီး စစ်ကောင်စီ၊ တရုတ်လုံခြုံရေးဌာန၊ “ဝ” နဲ့ ကိုးကန့် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ပြောကြားချက်တွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာ လဆန်းကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ သုံးလကျော်အတွင်း ရှမ်းမြောက်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား လေးသောင်းကျော်ကို ဖမ်းဆီးပြန်ပို့ခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။