တရုတ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှု အာဆီယံ ကန့်ကွက်တယ်ဆိုတဲ့ သတင်းအမှား
တရုတ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံမှုကို အာဆီယံက ကန့်ကွက်လိုက်ပြီး တရုတ်ရဲ့ လုပ်ရပ် အာဏာရှင်ဆန်တယ်လို့ ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှု အာဆီယံကန့်ကွက်။ တရုတ်ရဲ့ လုပ်ရပ် အာဏာရှင်ဆန်နေဟု အာဆီယံ ထုတ်ပြန်။ မင်းအောင်လှိုင်ကို အကြမ်းဖက်ဟု ကြေညာရန်လုပ်နေ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှု အာဆီယံ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီတိုင်းမ် သတင်းဌာနမှာ နိုဝင်ဘာ ၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ရပ်ကို တွန်းအားပေးဖို့ အင်ဒိုနီးရှားနဲ့စင်ကာပူ သဘောတူ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးပို့မှု အပါအဝင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည် ဖော်ဆောင်ဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့ သဘောတူလိုက်တယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ တရုတ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှု အာဆီယံ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဧရာဝတီတိုင်းမ် သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။