စစ်တွေမြို့ကို စတင်တိုက်ခိုက်နေပြီဆိုတဲ့ သတင်းအမှား
စစ်တွေမြို့ကို သိမ်းပိုက်ရရှိထားတဲ့ ဟောင်ဝစ်ဇာအမြှောက်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေပြီဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်တွေမြို့ကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေပြီဗျို့။ သိမ်းပိုက်တဲ့ ဟောင်ဝစ်ဇာအမြှောက်ကြီးနဲ့ စထုနေပြီဟေ့' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်တွေမြို့ကို စတင်တိုက်ခိုက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Narinjara သတင်းဌာနမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြန့်ဝေထားတဲ့ 'လက်နက်များနှင့်အတူထွက်ပြေးနေသည့် မောင်တောနခခ(၅)မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို AAပစ်ခတ်ဖမ်းဆီး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ နခခ(၅) က လက်နက်တွေနဲ့ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးကို အာရက္ခတပ်တော်(AA)က မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာအနီးမှာ ပစ်ခတ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်း ရေးသားဖော်ပြထားတာပါ။
ဒီသတင်းထဲမှာ သိမ်းပိုက်ရရှိထားတဲ့ ဟောင်ဝစ်ဇာအမြှောက်တွေနဲ့ စစ်တွေမြို့ကို စတင်ပစ်ခတ်တိုက်ခိုက်နေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Narinjara သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။