လင်းယုန်ငှက်နဲ့ ကြွက် အတူတူရှိနေတဲ့ ဗီဒီယိုဖိုင်အတု
လင်းယုန်ငှက်နဲ့ ကြွက်တစ်ကောင် အတူတူနေထိုင်ဟန် AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုကာ စိတ်ကူးယဉ်စရာ အကြောင်း ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာကို Kaung Set Thar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ လင်းယုန်ငှက်တစ်ကောင်နဲ့ ကြွက်တစ်ကောင် ရင်းရင်းနှီးနှီး အတူနေထိုင်နေတဲ့ ၁၅ စက္ကန့်ကြာ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ 'နိုင်ငံကိုအုပ်ချုပ်နေတဲ့သူတွေ အုပ်ချုပ်ချင်နေတဲ့သူတွေသာ ဒီလင်းယုန်ကြီးစိတ်ထားမျိုးလေး 50%ပဲမွေးမြူကြည့်။ ကမ္ဘာကြီးတခုလုံးဟာ အေးချမ်းသာယာမှုတွေနဲ့ပြည့်နှက်နေလိမ့်မယ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒိုယိုဖိုင်ဟာ pets.kingdom86 ဆိုတဲ့ TikTok အကောင့်မှာ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူပြီး လူအများ စိတ်ဝင်စားမယ့် အရေးအသားတွေနဲ့ ပြန်လည်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။
ဒီ TikTok အကောင့်မှာ အလားတူ လင်းယုန်နဲ့ ကြွက်၊ လင်းယုန်နဲ့ ကျား၊ လင်းယုန်နဲ့ ခွေး စတဲ့ သတ္တဝါ အမျိုးမျိုးရဲ့ ပုံတွေ အသုံးပြုပြီး ဖန်တီးထားတဲ့ ဗီဒီယိုဖိုင် အများအပြားလည်း ရှိနေပါတယ်။
အောက်ပါပုံ မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒီ TikTok အကောင့်ထဲမှာ ခြင်္သေ့၊ ကျား၊ ဆင်၊ လင်းယုန်၊ ခွေး စတဲ့ သတ္တဝါတွေကို AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တွေကို တွေ့နိုင်ပါတယ်။
pets.kingdom86 ဆိုတဲ့ TikTok အကောင့်မှာ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။