စစ်ကောင်စီရဲ့ SU 30 တိုက်လေယာဉ် ၅ စီး ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား
လာရှိုးမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ SU 30 တိုက်လေယာဉ် ၅ စီး ဗုံးကျဲနေစဉ် ပစ်ချခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Radio ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စကစ စစ်မျက်နှာအကုန်ရှုံးနေ။ SU 30 5 စီး ပစ်ချလိုက်ပြီ။ လာရှိုးတိုက်ပွဲမှာ ဗုံးလာကျဲနေစဉ် ပစ်ချတာ။ မန္တလေးအထိ တက်သိမ်းရန် ချီတက်လာနေပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၂၄ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းလေးသောင်းနီးပါး ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လာရှိုးမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ SU 30 တိုက်လေယာဉ် ၅ စီး ဗုံးကျဲနေစဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring ဌာနမှာ ဇူလိုင်လ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'လားရှိုးမြို့သိမ်းစစ်ဆင်ရေး၌ တပ်ဖွဲ့ဝင်များလိုက်နာရမည့်စည်းကမ်းချက်များ MNDAA ထုတ်ပြန်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ စစ်ကောင်စီရဲ့ SU 30 တိုက်လေယာဉ် ၅ စီး ပစ်ချခံရတယ်ဆိုတဲ့ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
People's Spring ဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။