တို့ဆေးသုံးပြီး ကလေးဖမ်းသူမိတယ်ဆိုတဲ့ သတင်းအမှား
လူငယ်တစ်ဦးရဲ့ ပုံကို အသုံးပြုပြီး လှည်းတန်းမှာ တို့ဆေးသုံးပြီး ကလေးခိုးယူခဲ့သူကို ပြန်လည်ဖမ်းမိတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ဖေစ့်ဘွတ်သုံးစွဲသူတွေကြားမှာ မတ်လ ၁၀ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ သွေးထွက်ဒဏ်ရာနဲ့ ကားတစ်စီးနောက်မှာ လိုက်ပါလာတဲ့ လူငယ်တစ်ဦးရဲ့ ပုံတွေကို အသုံးပြုပြီး ‘ဟိုတနေ့က လှည်းတန်းကတို့ဆေး ကောင်ပြန်လွတ်လာပါတယ်။ ဒီမနက်ပဲ ၇ မိုင် မီးပွိုင့်က ဈေးရောင်းနေတဲ့ ကလေးမလေးကို တို့ဆေးနဲ့ ဖမ်းသွားပါတယ်။ ကံကောင်းတာက ၆မိုင်ခွဲအရောက်မှာ ကလေးမရဲ့ဦးလေးနဲ့တိုးပြီး ဟိုကောင်ထွက်ပြေးတာ အဲ့နားရပ်ကွက်က အကိုတွေဝိုင်းဖမ်းလို့မိပါတယ်။ ဒီတခါတော့ဘယ်ကိုမှ မပို့တော့ပါဘူး။ သူ့မှာပါလာတဲ့ဆေးထိုးအပ်တွေ ဆေးတွေနဲ့ သူ့ကိုပြန်ထိုးပြီး ငမိုးရိပ်ချောင်းနားသွားပစ်ပါတော့မယ်။ အားလုံးလဲအစစအရာရာဂရုစိုက်ကြပါဗျ။ ကလေးတွေကိုလည်း မျက်စိအောက်မှာပဲထားကြပါ။ အကုန်လုံးသိအောင် Share ပေးကြပါ။ ဒီကောင်ကအစုံလိုက်လုပ်နေတာမို့ပါ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လှည်းတန်းမှာ တို့ဆေးသုံးပြီး ကလေးခိုးယူခဲ့သူကို ပြန်လည်ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေထဲက လူငယ်ရဲ့ပုံကို သစ်ထူးလွင်ဝက်ဆိုက်မှာ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့မှာ အခြားမှုခင်းသတင်း တစ်ခုနဲ့ တွဲလျက်ဖော်ပြထားတာ တွေ့ရပါတယ်။
သစ်ထူးလွင်ဝက်ဆိုက်မှာ ၂၀၁၈ ခုနှစ် မေလအတွင်းက ဖော်ပြထားတဲ့ အကြောင်းအရာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ယခုလပိုင်းတွေမှာ မြန်မာနိုင်ငံရှိ နေရာအချို့မှာ ကလေးပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်က ကလေးပျောက်ဆုံးတဲ့ ပိုစ့်တွေကို ကြည့်ရင် သိနိုင်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်မှာ ပျောက်ဆုံးခဲ့တဲ့ ကလေးကို တောင်းရမ်းစားသောက်တဲ့ အဖွဲ့မှာ ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီဖြစ်စဉ်တွေကို အခွင့်အရေးတစ်ခုလို ကိုင်စွဲပြီး ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေမှာ like နဲ့ follower တိုးလာဖို့ အခြားသူတွေရဲ့ ဓာတ်ပုံတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အသုံးချကာ သတင်းမှားတွေ ဖြန့်ဝေနေတာတွေ ရှိတဲ့အတွက် သတိပြုသင့်ပါတယ်။