ကျောက်ဖြူမှာ တရုတ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗမာပြည်ကို တရုတ်စစ်တပ် ကျူးကျော်ပြီ။ စောက်ပုခွေးဇာတ်ခင်းပြီ။ ကျောက်ဖြူမှာ တရုတ်စစ်တပ်နဲ့ AA ထိပ်တိုက်ချပြီ။ သမိုင်းတရားခံ (မအလ) ကိုဖမ်းဆီးမယ် NUG ပြောပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကျောက်ဖြူမှာ တရုတ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People’s Spring သတင်းဌာနမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တရုတ်-စစ်ကောင်စီပူးပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံရေးအဖွဲ့ စတင်ထူထောင်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ တရုတ်နဲ့ စစ်ကောင်စီ အကျိုးတူပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီတည်ထောင်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါအဖွဲ့ ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်းနဲ့ အဆိုပါ ကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုတိယဝန်ကြီးက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး ပါဝင်ကြောင်း ရေးသားဖော်ပြထားပါတယ်။
ဒီအကြောင်းအရာထဲမှာ ကျောက်ဖြူမှာ တရုတ်တပ်နဲ့ AA တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People’s Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။