စစ်ကောင်စီလေယာဉ် အများအပြား ပစ်ချခံနေရတယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတစ်နေရာမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် အများအပြား ပစ်ချခံနေရသဖွယ် ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုမီဒီယာတွေပေါ်မှာ ပြန့်နှံ့နေပါတယ်။

ဒီဗီဒီယိုဖိုင်ကို Wa Ma ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ခွေးတွေ။ ရှမ်းမြောက်မလာကြပါနဲ့နော်။ မအလ သားသမီးတွေ ဖြစ်သွားပုံတွေ။ ကြည့်ရတာ အားရလိုက်တာ' လို့ ရေးသားထားပါတယ်။
ဗီဒီယိုမှာတော့ ဗုံးကျဲတိုက်ခိုက်နေတဲ့ တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေကို မြေပြင်ကနေ အပူလိုက်စနစ် (IR homing) ပါတဲ့ လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်နေပြီး ကောင်းကင်က ဂျက်လေယာဉ်တွေကလည်း flare တွေ အမြောက်အများ ချသွားနေတာတွေ ဖြစ်ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ tik tok မှာ ပြန်လည် ဖြန့်ဝေထားတဲ့ ARMA 3 နဲ့ Squad တို့လို military simulation game တစ်ခုခုရဲ့ video footage တစ်ခုခု ဖြစ်နိုင်ပါတယ်။
Military simulation game တစ်ခုဖြစ်တဲ့ ARMA 3 ရဲ့ ဗီဒီယို footage တစ်ခုကို အောက်မှာ ဥပမာအနေနဲ့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗီဒီယိုဖိုင်ထဲက ရဟတ်ယာဉ်ပျံသန်းပုံ၊ လေယာဉ်ပစ်ဒုံးကျည်တွေ သွားတဲ့ လမ်းကြောင်းတွေရဲ့ အချို့နေရာတွေဟာလည်း ဂိမ်းထဲကလို ပုံစံမမှန်တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ဒီလို အပူလိုက်စနစ်ပါတဲ့ လေယာဉ်ပစ်လက်နက်တွေ ရှိတယ်လို့ တရားဝင် ဖော်ထုတ် ပြသထားတာမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။