မုံရွာက ကိုယ်ဝန်ဆောင်မိခင် ဆုံးပါးသွားတဲ့ ဗီဒီယိုမှတ်တမ်းဆိုတဲ့ သတင်းအမှား
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင် အသတ်ခံရတဲ့ဖြစ်စဉ် ဗီဒီယိုမှတ်တမ်းဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Eliza Tate ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၁၄ ရက် နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ကျော်သာရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ မုံရွာဖြစ်စဉ်မှာ အသတ်သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူရဲ့ ဓာတ်ပုံကို ဗွီဒီယိုဖိုင် ကာဗာအဖြစ် အသုံးပြုကာ ‘မုံရွာက ကိုယ်ဝန်ဆောင်မိခင် ဆုံးပါးသွားတဲ့ ဗီဒီယိုမှတ်တမ်း။ ကိုယ်ဝန်ဆောင် မိခင်ကို ဓားပြဝင်တိုက်တဲ့ (ရုပ်သံဖိုင်)’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မအေးငြိမ်းသူရဲ့ ပုံကို ပြသထားကာ တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓားပြတိုက်တဲ့ ဖြစ်စဉ်ကို နောက်ခံစကာပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီဗီဒီယိုဖိုင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင် အသတ်ခံရတဲ့ ဖြစ်စဉ်၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ပါဝင်တာ မရှိပါဘူး။
ဩဂုတ်လ ၈ ရက်နေ့ နေ့လည်က မုံရွာမြို့ ရပ်ကွက်တစ်ခုမှာ အသက်၂၅နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ကျွဲကြီး ဦးဆောင်တဲ့ တော်လှန်ရေး အမည်ခံ Monywa Force လက်နက် ကိုင်အဖွဲ့က လက်လုပ်သေနတ်တွေနဲ့ နေအိမ်တွင်း ဝင်ရောက် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကျွဲကြီး ဦးဆောင်တဲ့ လက်နက်ကိုင် ၆ ဦးပါ တော်လှန်ရေး အယောင်ဆောင်အဖွဲ့ကို မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ)က ညတွင်းချင်း ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။