ယော PDF တွေက နှမ်းခင်းကို ဓါးပြတိုက်တယ် ဆိုတဲ့ သတင်းအတု
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှမ်းခင်းကို ဓါးပြတိုက်ပြီး အိမ်မွေးခွေးတွေကို သတ်စားသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram ချန်နယ်တွေက ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “နှမ်းခင်းကို ဓါးပြတိုက်၊ခွေးကို သတ်စားတဲ့ PDF” လို့ ရေးသားထားပြီး သတင်းအမှားအတွင်းမှာတော့ “ယောနယ်တွင် တောင်သူများရဲ့ နှမ်းခင်းများကို PDFအကြမ်းဖက်များက ဓါးပြတိုက်ရိတ်သိမ်းနေသည့်အပြင် အဆိုပါနှမ်းခင်းပိုင်ရှင်နှင့်ပါလာသည့် အိမ်မွေးခွေးကို လည်း PDFများမှ သတ်စားသွားကြောင်းသိရ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းအမှားနဲ့အတူ ယောဒေသ ပြည်သူ့ကာကွယ်ရေး တံဆိပ်ပါ အင်္ကျီကို ဝတ်ဆင်ထားသူ တွေက နှမ်းခင်းထဲ ရောက်ရှိနေတဲ့ ဓါတ်ပုံ ၂ ပုံကို ဖော်ပြထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။
အဆိုပါ သတင်းအတုကို Telegram ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေကပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှမ်းခင်းကို ဓါးပြတိုက်ပြီး အိမ်မွေးခွေးတွေကို သတ်စားသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ယောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နှမ်းခင်းထဲ ရောက်ရှိနေတဲ့ ဓါတ်ပုံတွေဟာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဩဂုတ်လ ၂၃ တင်ထားတဲ့ ဓါတ်ပုံတွေဖြစ်ပြီး
ယောဒေသမှာ တောင်သူတွေရဲ့ နှမ်းရိတ်သိမ်းချိန်၊ စပါးစိုက်ပျိုးချိန်မှာ ၎င်းတို့ဒေသ အတွင်း စီးပွါးရေးမပြေလည်မှု၊ အလုပ်အကိုင်ရှားပါမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် တောင်သူ လုပ်ငန်းသိမ်းချိန်မှာ လယ်ယာလုပ်သားရှားပါးမှု ပြဿနာကိုလည်း ကြုံတွေ့နေကြတဲ့အတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်သူတွေရဲ့ နှမ်းရိတ်သိမ်းမှုတွေကို YPDF က ကူညီအားဖြည့်တဲ့အနေနဲ့ ဝိုင်းဝန်းရိတ်သိမ်းပေးနေတဲ့ ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။
ဒီဓါတ်ပုံတွေကို ယူပြီး သတင်းအမှားဖြန့်သူတွေက နှမ်းခင်းထဲ ယော PDF တွေ ဓါးပြတိုက်ပြီး အိမ်မွေးခွေးကို သတ်စားတယ်လို့ သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။
ယောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ သတင်းကိုလည်း ဒီ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။