အမေရိကန်အကူအညီနဲ့ ရန်ကုန်မြို့ကို ၃ ရက်အတွင်း သိမ်းမယ်ဆိုတဲ့ သတင်းအတု
အမေရိကန်ရဲ့ အကူအညီနဲ့ ရန်ကုန်မြို့ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ အမေရိကန် သမ္မတရဲ့ ဓါတ်ပုံရယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လက်နက်တွေ ပေးအပ်နေတဲ့ ဓါတ်ပုံရယ်၊ သေနတ်တွေ ထောင်ထားတဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အမေရိကန် အစိုးရ အကူအညီ ရန်ကုန် PDF ကို NUG လက်နက်ချပေး။ ၃ ရက်အတွင်း ရန်ကုန်မြို့ကို သိမ်းနိုင်“ (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန်ရဲ့ အကူအညီနဲ့ ရန်ကုန်မြို့ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) ကို လက်နက်တပ်ပေးခဲ့ပါတယ်။ ဒီလို တပ်ဆင်ပေးတာရှိပေမယ့် အမေရိကန်က တိုက်ရိုက်ထောက်ပံ့တာ မဟုတ်သလို ရန်ကုန်ကို ၃ ရက်အတွင်း သိမ်းမယ်လို့ တစ်စုံတစ်ရာပြောဆိုထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။