အင်းစိန်နဲ့ ဆူးလေမှာ လေယာဉ်နဲ့ ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအတု
အင်းစိန် နဲ့ ဆူးလေ မြို့လယ်ကောင်မှာ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ပုံရယ်၊ မီးခိုးတွေအပြည့်နဲ့ မီးလောင်ကျွမ်းနေတဲ့ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်မြို့ လူသတ်ပွဲကြီး တကယ်စပြီဗျာ။ ဆူးလေနဲ့ အင်းစိန်မြို့လယ်ကောင် ဗုံးကြဲခံရ။ အမည်မသိလေယဉ်တွေ ဝဲနေလို့ ဆူညံကုန်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အင်းစိန် နဲ့ ဆူးလေ မြို့လယ်ကောင်မှာ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေ၊ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေည တိုက်ခိုက်ခံရမှုတွေ UG တွေ ဖမ်းဆီးခံရမှုတွေ များစွာရှိခဲ့ပေမယ့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိသေးပါဘူး။ ဒါ့အပြင် အင်းစိန်နဲ့ ဆူးလေ တစ်ဝိုက်မှာ ဗုံးကြဲခံရခြင်းလည်းမရှိသလို ရန်ကုန်ရဲ့ မည်သည့်နေရာမှာမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။