UWSA က နေပြည်တော်ကို သိမ်းဖို့ ချီတက်လာပြီဆိုတဲ့ သတင်းအတု
UWSA က အဆုံးသတ်တိုက်ပွဲ ကြေညာပြီး နေပြည်တော်ကို သိမ်းဖို့ ချီတက်လာပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ ဝ ခေါင်းဆောင် တွေပါဝင်တဲ့ ဓါတ်ပုံရယ်၊ ဝ တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး “အဆုံးသတ်တိုက်ပွဲ UWSA နဲ့ BGF ကြေညာ။ ဗိုလ်မှူးကြီး စောချစ်သူ နဲ့ စစ်အုပ်စုကို ပြန်ချပြီဟေ့။ UWSA လည်း နေပြည်တော်ကိုသိမ်းဖို့ ချီတက်လာပြီဟေ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
UWSA က အဆုံးသတ်တိုက်ပွဲ ကြေညာပြီး နေပြည်တော်ကို သိမ်းဖို့ ချီတက်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
''ဝ''တပ်ဖွဲ့ UWSA ဟာ နွေဦးတော်လှန်ရေးကာလမှာ တိုက်ရိုက်ပါဝင်နေခြင်း မရှိပေမယ့် စစ်ရှောင်တွေကို အကူအညီပေးမှုတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီထောက်ခံသူတွေကတော့ WUSA ဟာ တော်လှန်ရေးအဖွဲ့တွေကို နောက်ကွယ်က ထောက်ပံ့နေတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ဝ တပ်ဖွဲ့ဟာ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ ပြောထားပြီး မြောက်ပိုင်း ညီနောက် မဟာမိတ်တွေ သိမ်းယူထားတဲ့အထဲက ဟိုပန်မြို့ နဲ့ ပန်လုံမြို့ ၂ မြို့ဟာ WUSA ရဲ့ ထိန်းချုပ်မှုအောက်ကို လွဲပြောင်းရရှိထားပါတယ်။ အခုအချိန်ထိလည်း UWSA က စစ်ကောင်စီကို စစ်ကြေညာထားခြင်းမရှိသလို၊ နေပြည်တော်ကိုလည်း ထိုးစစ်ဆင်နေခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။