ဦးသန်းရွှေ သေဆုံးသွားပြီဆိုတဲ့ သတင်းအတု
စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီဆိုတဲ့ သတင်းအတု ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေရဲ့ ဓါတ်ပုံနဲ့ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “MRTV အတည်ပြု ကြေညာလို့ လန့်ကုန်ကြပြီ။ ဝဋ်လည်ပြီဟေ့။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ နေအိမ်အတွင်း လုပ်ကြံခံရပြီး သေဆုံး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၂၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီဆိုတဲ့ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဦးသန်းရွှေဟာ သေဆုံးသွားခြင်း မရှိပါဘူး။ မကြာသေးမီက တရုတ်ခေါင်းဆောင် တစ်ချို့နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။