ရန်ကုန်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားသယောင်ဖြန့်ဝေတဲ့ သတင်းတု
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့က မြို့နယ်အချို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွေကို အခြေခံပြီး အများပြည်သူထိတ်လန့်ဖွယ်အကြောင်းအရာမျိုး ဖန်တီးဖြန့်ဝေတဲ့ သတင်းတုတွေ ဒီရက်ထဲထွက်ပေါ်လာပါတယ်။
ဒီလိုအကြောင်းအရာတွေကို သတင်းအတုကို MAYA HH ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၉ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး youtube ပေါ်ကသတင်းတုတွေဖြန့်ဝေတဲ့ပုံစံအတိုင်း Video တစ်ပုဒ်နဲ့ဖြန့်ဝေထားတာဖြစ်ပါတယ်။
၁၀ မိနစ်ကျော် ကြာမြင့်တဲ့ အဆိုပါဗီဒီယိုနဲ့အတူ Video ရဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲကားတွေ မီးလောင်နေတာတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဗီဒီယိုစာတန်းမှာ အထိတ်တလန့်ဖြစ်ဖွယ် စကားလုံးအသုံးအနှုန်းတွေနဲ့ဖြန့်ဝေထားတာဖြစ်ပါတယ်။
“၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲသတင်း၊ ရန်ကုန်မြို့နေရာအနှံ့ ဗုံးပေါက်ကွဲမှုဖြစ်၊ သွေးချောင်းစီးပြီဟေ့၊ စစ်အုပ်စီ ပြာယာခတ်ကုန်ပြီ” စတဲ့ခေါင်းစဉ်တွေနဲ့ဖြန့်ဝေနေတဲ့ ဒီအကြောင်းအရာကို ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အထက်ပါခေါင်းစဉ်တွေအတိုင်းဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက် ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
တကယ်တော့ ဒီအကြောင်းအရာဟာ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်ကနေရာအနှံ့မှာဗုံးတွေပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းကို အခြေခံပြီးချဲ့ကားရေးသားထားတဲ့အကြောင်းအရာသက်သက်သာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ရန်ကုန်မှာ နေရာအနှံ့ဗုံးပေါက်ပြီး မူရင်းပို့စ်တွေမှာရည်ညွှန်းသုံးစွဲသလို သွေးချောင်းစီးတဲ့အဆင့်ရောက်တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပွားထားခြင်း မရှိပါဘူး။ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းကတော့ PDF အဖွဲ့တစ်ခုက သာကေတ ဒေါပုံ ရဲစခန်းကို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ခေတ်သစ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အပျက်အစီး အထိအခိုက် တစ်စုံတစ်ရာ သိရခြင်း မရှိပါဘူး။
ဒီသတင်းအမှား Video ထဲမှာလည်း ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့နေရာ အတော်များများမှာ ဗုံးတွေ တစ်ပြိုင်နက် ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပေမယ့် ဒီရက်ပိုင်းအတွင်း ရန်ကုန်မှာ သွေးချောင်းစီးလောက်တဲ့အထိ ထိခိုက်သေကြေမှု ဖြစ်ပွားထားခြင်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ အထက်ပါအကြောင်းအရာမျိုးကို ခေါင်းစဉ်မျိုးစုံနဲ့ ဖြန့်ဝေလေ့ရှိတဲ့စာမျက်နှာမျိုးဖြစ်တာတွေ့ရပါတယ်။