အမေရိကန်စင်တာနဲ့ သံရုံးကို ချိတ်ပိတ်တယ်ဆိုတဲ့ သတင်းအတု
ရန်ကုန်မြို့ အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာရှိတဲ့ အမေရိကန် စင်တာနဲ့ သံရုံးကို ချိတ်ပိတ်လိုက်ပြီဆိုတဲ့အကြောင်းအရာတွေကို ပြုပြင်ထားတဲ့ဓါတ်ပုံတွေအသုံးပြုပြီးဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။
အဆိုပါ သတင်းအမှားကို ဇွန်လ ၁၉ ရက်နေ့က ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "သတင်းစာရှင်းလင်းပွဲ အမှီ သတင်းသမားတွေ အများဆုံး မေးသလိုလိုနဲ့ ပိတ်ဖို ဖိအားပေးနေတဲ့ တကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းမှာရှိတဲ့ အမေရိကန်သံရုံး (ခေါ်) မြန်မာမြေပေါ်ရှိအမေရိကန် ထောက်လှန်းရေးနှင့် ထောက်ပံ့ရေးဂိုထောင် အမေရိကန် စာသင်ကျောင်းစာကြည့်တိုက်ဟုခေါ်သည့် အမေရိကန်၏အရင်းရှင်ဝါဒဖြန့်ဖြူးပေးနေတဲ့ ကျောင်းအား ချိတ်ပိတ်လိုက်တယ်လို သိရပါတယ်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ စာသားတွေနဲ့အတူ အမေရိကန် စင်တာရှေ့ မှာ Barricade တွေနဲ့ ကာထားပြီး လမ်းပိတ်ထားတဲ့ ဓါတ်ပုံတစ်ပုံနဲ့ သံရုံးအပေါက်ဝမှာ စစ်ကောင်စီတပ်တွေ ချိတ်ပိတ်တဲ့ခါအသုံးပြုတဲ့ ဗန်နိုင်း ပိုစတာ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာနဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာရှိကာ ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာက ကူးယူဖော်ပြထားကြပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန် စင်တာနဲ့ သံရုံးကို ချိတ်ပိတ်လိုက်တယ်လို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။ အမေရိကန်သံရုံးနဲ့ စင်တာဟာ ပိတ်ခံထားရခြင်း မရှိသလို ဒီအခြေအနေမျိုးလည်းဖြစ်ပွားထားခြင်းမရှိပါဘူး။သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံ ၂ ပုံ စလုံးဟာ Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံတွေဖြစ်ပြီး မူရင်းဓါတ်ပုံတွေမှာ ချိတ်ပိတ်တယ်လို့ ရေးဆွဲထားတဲ့ ဗန်နိုင်းပိုစတာ မပါဝင်ပါဘူး။ သတင်းအမှားဖြန့်သူက Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ထားကြတာ တွေ့ရပါတယ်။
အဆိုပါ ဓါတ်ပုံ ၂ ပုံရဲ့ မူရင်း Link တွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဒီသတင်းအမှားဖြန့်ဝေသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီထောက်ခံရေး ဝါဒဖြန့်နေတဲ့ အကောင့်တွေဖြစ်တာကို တွေ့ရပါတယ်။