ပါတီတွေရဲ့ တိုင်ကြားစာတွေကို ပြည်ထောင်စုတရားရုံးချုပ်က လက်ခံလိုက်ပြီ ဆိုတဲ့ သတင်းအတု
ရွေးကောက်ပွဲအပြီးကာလကတည်းက UEC နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားတွေထဲမှာ နိုင်ငံရေးပါတီတွေက UEC ကို တိုင်ကြားထားတဲ့ စာတွေကို ပြည်ထောင်စု တရားရုံးချုပ်က လက်ခံလိုက်ပြီဆိုတဲ့ သတင်းအမှား တစ်ပုဒ်လည်း ပါဝင်ပါတယ်။
အဆိုပါ သတင်းအမှားကို Sitt Thway May ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂၃ ရက်နေ့ ၃ နာရီ ၃၉ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး Breaking News ဆိုတဲ့ ဓါတ်ပုံတစ်ပုံနဲ့အတူ "ရွေးကောက်ခုံရုံးဥပဒေအသက် ဝင်ပါပြီ ရှင့်။ ပါတီစုံက တိုင်ကြားထားတဲ့ တိုင်စာအားလုံးကို ၂၃၀/၂၀၂၀ နဲ့ ပြည်ထောင်စုတရားရုံးချုပ်က ယနေ့ 23/12/2020 ရက်စွဲနဲ့ လက်ခံလိုက်ပါပြီ။ Dec မကုန်ခင် အပြီးစစ်ဆေးဖို့ 🇲🇲တပ်မတော်က တောင်းဆို လိုက်ကြောင်းသိရ" လို့ ရေးသားထားပါတယ်။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၁၀၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှထားသူ ၅၀၀ နီးပါးရှိနေပါတယ်။
မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
Sitt Thway May ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ ပါတီအစုံက UEC ကို တိုင်ကြားထားတဲ့ စာတွေကို ပြည်ထောင်စု တရားရုံးချုပ်က လက်ခံလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။
ဒီ အကြောင်းအရာဟာ ဒီကာလအတွင်း မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားသာ ဖြစ်ပြီး UEC ကို တိုင်ကြားထားတာတွေနဲ့ ပတ်သက်ပြီး မည်သည့် တရားရုံးကမှ လက်ခံထားခြင်း မရှိသလို တရားဝင် သတင်းမီဒီယာတွေမှာလည်း ဒီအကြောင်းကို ရေးသား ဖော်ပြထားခြင်း မရှိပါဘူး။ ဒီ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာ သက်သက်သာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း UEC ကို ရဲအရေးပိုင် ပုဒ်မတွေနဲ့ တရားစွဲထားတယ် ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ UEC တရားစွဲခံရတယ် ဆိုတဲ့ သတင်းအမှား ထွက်ပေါ်ခဲ့ပါတယ်။ အခု သတင်းအမှားထဲမှာတော့ UEC ကို တိုင်ကြားထားတာတွေကို ပြည်ထောင်စု တရားရုံးချုပ်က လက်ခံလိုက်ပြီ လို့ ထပ်မံရေးသား ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။ ပထမအကြိမ် ထွက်ပေါ်ခဲ့တဲ့ UCE တရားစွဲခံရတယ် ဆိုတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom က စစ်ဆေးထားတဲ့ သတင်းအမှား အကြောင်းအရာကို ဒီမှာ ဖတ်နိုင်ပါတယ်။