စင်္ကာပူအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအတု
စင်္ကာပူအစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေထားကြပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရယ် တစ်ခြားနိုင်ငံက ခေါင်းဆောင်တွေရယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်၊ သတင်းကြေညာသူပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်ကို ပေါင်းကာဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၃ ရက်နေ့ ညနေ (၈) နာရီအထူးသတင်း ၊ စင်ကာပူ အပြတ်ကြေညာလိုက်ပြီ။ အမေစုနဲ့ တွေ့ခွင့်တောင်းပြီ။ စစ်အုပ်စု ခွေးဖြစ်သွားပြီဟေ့ ထူးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း “စင်ကာပူအစိုးရ အမေစုနဲ့တွေ့ခွင့်တောင်းပြီ ထူးပြီဟေ့” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာ နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စင်္ကာပူ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်မိတ်ဖက်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရေးမှာ ပါဝင်နေသူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့် ပေးစေလို တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုမှု ပြုထားပါတယ်။
သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ရဲ့ ခေါင်းစဉ်မှာ စင်္ကာပူအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ တောင်းဆိုတယ်လို့ ရေးသားထားပါတယ်။ တကယ်တမ်းတော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို တွေ့ခွင့်ပေးဖို့ ပြောထားခြင်းသာဖြစ်ပြီး သတင်းခေါင်းစဉ်မှာ လိုရာဆွဲကာ နားလည်မှုလွဲအောင် ရေးသားဖော်ပြထားခြင်းသာဖြစ်ပါတယ်။
ဒါ့အပြင် Video ရဲ့ အတွင်းမှာလည်း ဧရာဝတီတိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ “အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ လိုအပ်တယ်လို့ စင်ကာပူဆို” ဆိုတဲ့ သတင်းကို နောက်ခံ အသံရွတ်ဆိုပြီး Video ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။