ရုရှားသံရုံးကို မီးရှို့လိုက်ပြီဆိုတဲ့ သတင်းအတု
ရုရှားသံရုံးကို မီးရှို့လိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၁၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ မီးတွေ တောက်လောင်နေတဲ့ ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အကုန်လုံး မီးလောင်သေ၊ ရုရှားသံရုံးကို မီးရှို့လိုက်ပြီ။ မင်းအောင်လှိုင်ကို ပုတင်မှ ဆင့်ခေါ်လိုက်ပြီ။ မော်စကိုမှာ သေဒဏ်ချမှတ်နိုင်ကြောင်း သတင်းထွက်” (သတ်ပုံ၊ အရေးအသား မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၁ သိန်း ၁ သောင်းကျော် ရှိနေပါတယ်။
ရုရှားသံရုံးကို မီးရှို့လိုက်ပြီး အကုန်လုံး မီးလောင်သေဆုံးသွားကာ မင်းအောင်လှိုင်ကို ပူတင်က ဆင့်ခေါ်လိုက်ပြီး သေဒဏ်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတိုင်းမှာ ရုရှား သံရုံးအနား ဆန္ဒပြမှုတွေ ရှိခဲ့ပေမယ့် မီးရှို့မှု ဖျက်ဆီးမှု လုံးဝ မရှိခဲ့ပါဘူး။ ရုရှားသံရုံး မီးလောင်ခြင်း မရှိသလို သံရုံးက သူတွေလည်း မီးလောင်သေဆုံးတဲ့ ဖြစ်စဉ် မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။