စစ်ကောင်စီ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီက ခန့်အပ်ထားတဲ့ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးသွားတယ်ဆိုတဲ့သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိူင်လ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ယာယီသမ္မတဦးမြင့်ဆွေရဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “MRTV သတင်းဌာန အတည်ပြုကြေငြာပြီ။ ယာယီသမ္မတ မြင့်ဆွေသေဆုံး၊ ရေတပ်ချုပ်နဲ့ ဗိုလ်ချုပ် (၁၂) ဦးနုတ်ထွက်” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၁၅၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက ခန့်အပ်ထားတဲ့ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ခန့်အပ်ထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေဟာ သေဆုံးသွားခြင်းမရှိသလို ဗိုလ်ချုပ် ၁၂ ဦး နုတ်ထွက်သွားခြင်းလည်းမရှိပါဘူး။ ဦးမြင့်ဆွေဟာ လွန်ခဲ့တဲ့ ၁ လ ခန့်က ကျန်းမာရေး ချို့တဲ့နေပြီး ဆေးဝါးကုသမှုခံယူနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်း မရှိဘူးလို့ သတင်းတစ်ချို့က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဦးမြင့်ဆွေဟာ သေဆုံးခြင်းတော့ မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။