ဒုတပ်ချုပ် စိုးဝင်းလိုက်ပါလာတဲ့ လေယာဉ်ပျက်ကျပြီး သေဆုံးဆိုတဲ့ သတင်းအတု
စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်း လိုက်ပါစီးနင်းလာတဲ့ လေယာဉ်ပျက်ကျပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံရယ်၊ ရွှေဘိုတက္ကသိုလ် ဓါတ်ပုံရယ်၊ လေယာဉ်တစ်စီးဓါတ်ပုံရယ်၊ စိုးဝင်းရဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ရွှေဘိုတက္ကသိုလ် လာစစ်ပြီးအပြန် ဒုတပ်ချုပ် စိုးဝင်းပါတဲ့ လေယာဉ် ပျက်ကျပြီး သေဆုံး။ မြိုင်နဲ့ ရွှေဘိုမြို့မှာ စစ်ခွေး ၃၀၀ ပစ်သတ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းလေယာဉ်ပျက်ကျပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒုတပ်ချုပ် စိုးဝင်းဟာ လေယာဉ်ပျက်ကျခြင်းလည်းမရှိသလို သေဆုံးသွားခြင်းလည်း မရှိပါဘူး။ ဒီရက်ပိုင်းထဲလည်း မည်သည့် စစ်တပ်လေယာဉ်မှ ပျက်ကျခြင်းလည်း မရှိပါဘူး။ စိုးဝင်းရဲ့ သတင်းတွေကို စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ပုံမှန်အတိုင်းဖော်ပြနေဆဲသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။