စစ်ကောင်စီခေါင်းဆောင် လိုက်ပါတဲ့လေယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လိုက်ပါတဲ့ လေယာဉ်ပစ်ချခံရတယ်ဆိုပြီးရေးသားဖြန့်ဝေထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်လာပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတစ်ပုံ၊ မီးလောင်နေတဲ့ လေယာဉ်တစ်စင်းပုံနဲ့၊ ဝေဟင်ပစ် စစ်လက်နက်ကြီးတစ်ခုရဲ့ပုံရယ် သေနတ်ကိုင်ထားတဲ့သူတစ်ချို့ ပုံစတာတွေပါဝင်ပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်ပါတဲ့ ပြည်ပခရီးစဉ်မှာ လေယာဉ် ပစ်ချခံရပြီး မီးလောင်ပေါက်ကွဲ။ US ရဲ့ လက်ချက်လို့ ကမ္ဘာသိ ကြေညာ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လိုက်ပါတဲ့ လေယာဉ်ပစ်ချခံရတယ်ဆိုတဲ့ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ လက်ရှိအချိန်ထိ ၎င်းရဲ့ အလုပ်တွေ လုပ်ဆောင်နေဆဲသာဖြစ်ပြီး ၎င်းရဲ့ မည်သည့်လေယာဉ်ခရီးစဉ်မှ ပစ်ခတ်ခံရခြင်း မရှိပါဘူး။ ဒီရက်ပိုင်းသတင်းတွေအရလည်း မင်းအောင်လှိုင်အပြင် မည်သည့် စစ်ခေါင်းဆောင်စီနင်းလိုက်ပါလာတာ လေယာဉ်မှ ပစ်ချခံရခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားတဲ့ သတင်းသပ်သပ်သာဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။