NUG လေတပ် နေပြည်တော်ကို ဝိုင်းတယ်ဆိုတဲ့ သတင်းအတု
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လေတပ်က နေပြည်တော်ကို ဝိုင်းထားလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ကိုသတင်းအမှားတွေဖြန့်တဲ့ ပေ့ချ်တချို့ကနေဖြန့်ဝေလာပါတယ်။
အဆိုပါ သတင်းအတုကို MM News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၅ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ DVB သတင်းဌာနက သတင်းကြေညာတဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံအပေါ်မှာ "ည ၉ နာရီ ပွဲကြီးပွဲကောင်းတော့ စပြီ။ ညတွင်းချင်း စပယ်ရှယ် သတင်းကြီးဗျို့။ အခုပဲ NUG လေတပ် နေပြည်တော်ကို ဝိုင်းထားလိုက်ပြီ။ ဗိုလ်ကြီး ထွန်းသူရိန်ကိုယ်တိုင် RFA ကို ပေးပို့လာတဲ့ အသံဖိုင်" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေတဲ့အခါမှာ "အခုလေးတင်တဲ့ဟေ့ အားရလိုက်တာ" ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့လည်းရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁၅၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အမျိုးသားညီညွတ်ရေး အစိုးရဟာ Local PDF တပ်ရင်းတွေနဲ့ ချိတ်ဆက်ပံ့ပိုးမှုရှိပေမယ့် အခုအချိန်ထိ NUG လေတပ်ဆိုတာ မရှိသေးပါဘူး။ ဒီ Video ဟာ လူအများဝင်ရောက် ကြည့်ရှု့အောင် လိမ်ညာဖြန့်ဝေထားခြင်းသက်သက်သာ ဖြစ်ပါတယ်။
သတင်းအမှား Video ထဲမှာ NUG လေတပ်က နေပြည်တော်ကို ဝိုင်းထားတယ်လို့ ဖြန့်ဝေထားပေမယ့် Video အတွင်းမှာတော့ လူမှုကွန်ယက်ပေါ် Live လွှင့်ပြီး ထောက်ပို့အတွက် ကူညီပေးဖို့ ပြောထားတဲ့ Video တစ်ပုဒ်ကို ပြန်ယူပြီး တင်ထားတာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး YouTube နဲ့ Facebook ပေါ်ဖြန့်ဝေကာ ၎င်း video ကို ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။