NLD က တပ်မတော်ကို တိုက်မယ် ဆိုတဲ့ သတင်းအမှား
လူမှုကွန်ယက်ပေါ်မှာ တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့ ၄ ဖွဲ့နဲ့ NLD ပူးပေါင်းပြီး တပ်မတော်ကိုပြန်တိုက်ဖို့ ပြင်နေပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအမှားကို ဖိုးမှန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၃၄ မိနစ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဆိုပါ သတင်းအမှားထဲမှာ "နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင် အရာရှိတစ်ဦးဆိုတဲ့ သတင်းအရင်းမြစ်ကို အသုံးချပြီးရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။
အဲ့ဒီအကြောင်းအရာမှာရေးသားချက်အရ "ဒီလထဲ ( သို့ ) ၃ လပိုင်းလောက်မှာ " ဝ " + KIA + ပလောင် + ကိုးကန့် ၄ ဖွဲ့ပေါင်းပြီး မြို့သိမ်းစစ်ဆင်ရေး ဆင်နွဲမယ်လို့ သိရတယ်ဗျ။ ဒီ ၄ ဖွဲ့ဟာ မြို့သိမ်းတိုက်ပွဲ မဆင်နွဲခင် အတိုင်ပင်ခံနှင့် တွေ့ဆုံမှာဖြစ်ပြီး ယခုလောလောဆည် အခြေအနေတွင် NLD ပါတီ ဒုတိယ ဥက္ကဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဇော်မြင့်မောင် နှင့် " ဝ " စစ်ရေးတာဝန်ခံ၊ ပလောင်သူပုန်အဖွဲ့မှ တာဖုန်းကျော် ၊ KIA မှ စစ်ရေးတာဝန်ခံ ၊ ကိုးကန့် နယ်မြေတာဝန်ခံတို့ တွေ့ဆုံ ဆွေးနွေး ပြီးကြောင်းလည်း သိရှိရ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ရေးသားထားပြီး NLD အစိုးရဟာ "ဝ" အားကိုးနဲ့ တပ်မတော်ကို ပြန်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်မှာ ရေးသားထားပါတယ်။
မူရင်းဖြန့်ဝေမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာမှာကြည့်ပါ။
ဖိုးမှန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် ရေးထားတဲ့ အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၂၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀၀ ကျော်ရှိနေပြီး ကူးယူဖော်ပြကာ ဖြန့်ဝေနေသူတွေလည်း များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
လူမှုကွန်ယက်ပေါ်မှာ ဖိုးမှန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီက တပ်မတော်ကို ပြန်တိုက်ဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်ဆန်းစစ်ဖို့ "ဝ"ပြည်နယ် ပြင်ပဆက်ရေးရုံး တာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဒီထဲမှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဦးညီရန်းက အခြေအမြစ်မရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။ 'ဝ'ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP/ UWSA) ဟာ ဆယ်စုနှစ် ၃ ခုကျော်ထိ တပ်မတော်နဲ့ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ငြိမ်းချမ်းရေးခရီးစဉ်ကို လျှောက်လှမ်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့မှာ "ဝ" အထူးဒေသမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ငြိမ်းချမ်းရေးခရီးစဉ် လျှောက်လှမ်းဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
သတင်းအမှားဖြန့်သူဟာ အချက်အလက်အမှားတွေနဲ့ အများပြည်သူ ထိတ်လန့်အောင် လက်နတ်ကိုင်အဖွဲ့အစည်းတွေ နဲ့ NLD နဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှု ပြုလုပ်ထားတာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တု တစ်ခုဖြစ်တာကို တွေ့ရပြီး NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက် တင်နေတာကို တွေ့ရပါတယ်။