စစ်ကောင်စီခေါင်းဆောင် ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင် ကို ရာထူးက ဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ် နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ နိုင်ငံတကာက ခေါင်းဆောင်တစ်ဦးရဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၆ ရက်နေ့ ည ၈ နာရီခွဲ သတင်း၊ မင်းအောင်လှိုင် ရာထူးဖယ်ရှားခံရ။ နိုင်ငံတကာ သတင်းတွေမှာ ပျံနေပြီ။ အချိန်ပေးပြီး ကြည့်ပေးကြပါ။ ထူးပြီဟေ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “မင်းအောင်လှိုင် ထိုင်ခုံပျောက်ပြီ” လို့ ထပ်မံရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုထားသူ ၁၆၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်ရှိရာထူး ဆက်လက်ယူထားဆဲဖြစ်ပြီး ရာထူးက ဖယ်ရှားခံရခြင်း မရှိပါဘူး။ ၎င်းရဲ့ ပင်စင်သက်တမ်းရော၊ အရေးပေါ်ကာလလို့ ပြောထားတဲ့ အချိန်ကာလရော သက်တမ်းကျော်နေပြီး ခဏ ခဏ သက်တမ်းတိုးကာ အာဏာဆက်လက် ယူထားဆဲသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ စစ်ကောင်စီခေါင်းဆောင် ရာထူးက ဖယ်ရှားခံရတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။