စစ်ကောင်စီခေါင်းဆောင် ရာထူးက အနားယူတော့မယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးက အနားယူတော့မယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအမှားကို News Khit ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ Mask တပ်ထားတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေတဲ့ ဓါတ်ပုံကို သုံးထားပြီး အဆိုပါ ဓါတ်ပုံအပေါ်မှာ " ၁၆ ရက်နေ့ မအလ အနားယူတော့မယ်။ စိုးဝင်းကို အာဏာလွဲလိုက်ပြီ" လို့ ရေးသားထားပါတယ်။ ဒီ video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "ပွဲသိမ်းပြီဟေ့" လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရာထူးက အနားယူပြီး ဒုတိယဗိုလ်ချုပ်ဖြစ်တဲ့ စိုးဝင်းကို ရာထူးလွဲပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီသတင်းအမှားဟာ ဝင်ရောက်ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ရာထူးက အနားယူပြီး တာဝန်လွဲပေးတယ်ဆိုတာ သတင်းအတုသာ ဖြစ်ပါတယ်။ ၎င်းဟာ ရာထူးက အနားယူခြင်းမရှိသလို ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် သတင်းအမှား Video ထဲမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးက အနားယူသွားပြီလို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ တနေ့တာ သတင်းတွေကြေညာထားတဲ့ အသံဖိုင်ကို ယူကာ ဓါတ်ပုံနဲ့ ပေါင်းပြီး ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။