စစ်ကောင်စီက AA ထံ တောင်းပန်စာ ပို့လာတယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်ကောင်စီက AA ထံ တောင်းပန်စာပို့လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၃၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ AA စစ်ဦးစီးချုပ်ရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် အရှုံးပေးပြီ။ အာဏာလွှဲပြီပဲ။ ထူးပြီ။ မင်းအောင်လှိုင်က တောင်းပန်စာ ပို့လာကြောင်း AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောပြီ “(မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်ကောင်စီက AA ထံ တောင်းပန်စာပို့လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ နယ်မြေများစွာ ဆုံးရှုံးပြီး စခန်းပေါင်းများစွာ သိမ်းပိုက်ခံနေရပါတယ်။ ဒီလို သိမ်းပိုက်ခံရမှုအပေါ် လက်ကျန်နယ်မြေတွေ မကျအောင် အပြင်းအထန် ခုခံနေပါတယ်။ AA နဲ့ စစ်ကောင်စီကြားမှာ စစ်ရေးအရှိန်တင်းမာနေပြီး ညှိနှိုင်းမှုတွေ၊ တောင်းပန်ခြင်းတွေ မရှိပါဘူး။ စစ်ကောင်စီခေါင်းဆောင်ဟာ AA အပေါ် စာပို့ခြင်းတောင်းပန်ခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။