ရန်ကုန်တိုင်းက ၈ မြို့နယ်ကို ပစ်မိန့်ပေးတယ်ဆိုတဲ့ သတင်းအတု
ရန်ကုန်တိုင်းဒေသကြီး အတွင်းက မြို့နယ် (၈) ခုကို ပစ်မိန့်ပေးလိုက်ပြီဆိုတဲ့ အချက်အလက်တိတိကျကျမပါဝင်ပဲ ရေးသားဖြန့်ဝေထားတဲ့ သတင်းအတုတွေ ဒီရက်ပိုင်းထဲပျံ့နှံ့လာပါတယ်။
အဆိုပါ သတင်းအတုကို WV News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ Video တစ်ပုဒ်ကို Screen Shot ရိုက်ထားတဲ့ ဓါတ်ပုံရယ် Website Link တစ်ခုကို ဖော်ပြထားပြီး “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားကာ ဝင်ရောက်ကြည့်ရှု့ဖို့ တိုက်တွန်းထားပါတယ်။
အဆိုပါ ဓါတ်ပုံရဲ့ နောက်ခံမှာ သတင်းကြေညာနေသူ တစ်ဦးရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “လုံးဝ ကျော်မသွားကြပါနဲ့ အရေးကြီးပြီ၊ ရန်ကုန်လိုင်သာယ၊ လိုင်မြို့နယ်ပါဝင် မြို့(၈)မြို့နယ်ကို ပစ်မိန့်ပေးပြီ။ အထူးသတိထားပြီး ပုန်းပြီးနေထိုင်ကြပါ” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ် Page တွေကလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြို့နယ် (၈) ခုကို ပစ်မိန့်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မှာ ကင်းလှည့်သွားလာမှုတွေ ၊ မသင်္ကာတဲ့သူတွေကို ခေါ်ယူစစ်ဆေးမှုတွေ ရှိပြီး စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် ပစ်မိန့်ပေးထားခြင်း မရှိပါဘူး။ မာရှယ်လော ကြေညာထားချိန်ထက်ကျော်ပြီး Bar သွား၊ ကလပ်တက်သူတွေ ရှိပေမယ့် ဖမ်းဆီးထောင်ချခြင်း ပစ်မိန့်ပေးကာ ပစ်သတ်ခြင်းတွေလည်း မရှိပါဘူး။ UG တွေ ၊ PDF တွေကို သတင်းရလို့ ဝင်ဖမ်းရင်တော့ ပစ်ခတ်ဖမ်းဆီးတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ဒါ့အပြင် ဝင်ကြည့်ဖို့ ပေးထားတဲ့ Link ထဲမှာလည်း ဓါတ်ပုံမှာ ဖော်ပြထာတဲ့ သတင်းမပါဝင်ပါဘူး။ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။