ဗိုလ်နဂါးကို အသေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအတု
စစ်ကိုင်းတိုင်းအတွင်းက မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးကို စစ်ကောင်စီတပ်တွေက အသေဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအမှားတွေ ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။
အဆိုပါ သတင်းအမှားကို ကောင်းကင်ပြာဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလှိုင်လ ၁၄ ရက်နေ့ ည ၁၁ နာရီ ၄ မိနစ်မှာ စစ်တပ်ထောက်ခံသူတွေ သီးသန့်ရှိတဲ့ "Khit Bone Kha 🇲🇲 သတင်းမှန်များ စုစည်းရာ 🇲🇲 2🇲🇲" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်း သတင်းအမှားထဲမှာ "ဗိုလ်နဂါးခေါ် ဗိုလ်တီကောင် အသေရသည်ဟု သတင်းရ။ အတည်ပြုပြီးရင် ထပ်တင်ပေးပါမယ်" လို့ ရေးသားကာ ရေးသားသူနေရာမှာ "မျိုးချစ်မြန်မာ" လို့ ဖော်ပြထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ မှတ်ချက်ရေးသားသူ ထပ်ဆင့်ဝေမျှသူတွေရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကိုင်းတိုင်းအတွင်းက မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးကို စစ်ကောင်စီတပ်တွေက အသေဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗိုလ်နဂါးဟာ လက်ရှိအချိန်ထိ ၎င်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဦးစီးလျှက်ရှိပြီး သေဆုံးခြင်း ဖမ်းဆီးခံရခြင်းလည်း မရှိသလို မည်သူ့ သတင်းမီဒီယာမှာမှလည်း ဒီအကြောင်းအရာကို ရေးသားဖော်ပြထားခြင်း မရှိပါဘူး။
ဗိုလ်နဂါးရဲ့ ဖေ့စ်ဘွတ်အကောင့် ၂ ခုထဲက တစ်ခုဖြစ်တဲ့ ဗိုလ်ထင်လင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း အခုချိန်ထိ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မယ့် အကြောင်းအရာတွေကို ရေးသားနေဆဲ ဖြစ်သလို မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း ပြည်တွင်းပြည်ပက လှူဒါန်းတဲ့ အလှူရှင်တွေကို ဗိုလ်နဂါး လက်မှတ်နဲ့ ဂုဏ်ပြု မှတ်တမ်းလွှာတွေ ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။
ဗိုလ်နဂါး ရဲ့ ဖေစ့်ဘွတ်အကောင့် ၂ ခုနဲ့ ၎င်းရဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော်ရဲ့ Page မှာ တင်ထားတဲ့ ပိုစ့်တွေ အကြောင်းအရာတွေ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။